မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ သည် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး အစီအစဉ်များကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဤအစီအစဉ်များကို သတ်မှတ်လုပ်ငန်းအတွေ့အကြုံ အရည်အချင်းရှိသူများ သို့မဟုတ် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီး၏ အတည်ပြုလေ့ကျင့်ရေးသင်တန်းများအား ပြီးမြောက်ထားသူများမှ ဝင်ရောက်ဖြေဆိုခွင့်ရှိပါသည်။ ယင်းတို့၏ ကျွမ်းကျင်မှုအပေါ် မူတည်၍ ဝင်ရောက်ဖြေဆိုအောင်မြင်ပါက အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်ကို ချီးမြှင့်အပ်နှင်းခံရမည် ဖြစ်ပါသည်။။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအထိ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ NSSA အသိအမှတ်ပြုပြီးဖြစ်သော ကျွမ်းကျင်လုပ်သားပေါင်း ကျွမ်းကျင်မှုအဆင့်(၁)တွင် ၁၅၃၂၅ ဦး၊ ကျွမ်းကျင်မှုအဆင့်(၂)တွင် ၁၁၉၄ ဦး ရှိပါသည်။ ၎င်းကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သူများအားလုံးကို NSSA ၏ အတည်ပြုချက်ဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ အသိအမှတ်ပြု (certificate) ပေးခဲ့ခြင်း ဖြစ်သည်။ (အသိအမှတ်ပြုလက်မှတ်ရရှိပြီးသူများ၏အချက်အလက် အသေးစိတ်ကို ရှာဖွေလိုပါက)
စစ်ဆေးအကဲဖြတ်မှုအောင်မြင်ရန် သိသင့်သော အချက်များ ( လျှောက်ထားလိုပါကသိရှိရန်အချက်များ၊ လျှောက်လွှာပုံစံ)
စစ်ဆေးအကဲဖြတ်မှုအောင်မြင်ရန်အတွက် လက်တွေ့စစ်ဆေးမှုနှင့် လုပ်ငန်းဆိုင်ရာ အသိပညာ စစ်ဆေးမှုနှစ်ခုစလုံးအား အောင်မြင်ရန် လိုအပ်သည်။ ဖြေဆိုသူသည် လက်တွေ့စစ်ဆေးမှုတွင် အောက်ဖော်ပြပါ အခြေအနေများအတိုင်း ဆောင်ရွက်နိုင်မှသာ အောင်မြင်မည်။
(၁) သတ်မှတ်ထားသော လုပ်ငန်းစဉ်တိုင်းတွင် ရမှတ် ၇၅% အနည်းဆုံးရရှိရမည်။ စုစုပေါင်း ရမှတ်တွင်လည်း ပျမ်းမျှ ၇၅% နှင့်အထက် အနည်းဆုံးရရှိရမည်။
(၂) မဖြစ်မနေဆောင်ရွက်နိုင်ရမည်ဟု သတ်မှတ်ထားသောလုပ်ငန်းများကိုလည်း ကျွမ်းကျင်မှု “စံ”သတ်မှတ်ချက်နှင့်အညီ လုပ်ဆောင်နိုင်ရမည်။
(၃) ပြုလုပ်ရမည့် လုပ်ငန်းများအားလုံးကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
ဖြေဆိုသူသည် အသိပညာစစ်ဆေးမှုတွင် အနည်းဆုံး (၆၀%) ရရှိမှသာ အောင်မြင်မည် ဖြစ်သည်။ အကယ်၍ ဖြေဆိုသူတစ်ဦးသည် လက်တွေ့စစ်ဆေးမှုအား အောင်မြင်သော်လည်း အသိပညာစစ်ဆေးမှုတွင် မအောင်မြင်ပါက နောက်တစ်ကြိမ်ဖြေဆိုရာတွင် လက်တွေ့စစ်ဆေးမှုကို ထပ်မံဖြေဆိုရန် မလိုဘဲ အသိပညာစစ်ဆေးမှုကိုသာ ထပ်မံဖြေဆိုရမည်။
သို့သော် လက်တွေ့စစ်ဆေးမှု မအောင်မြင်ပါက နောက်တစ်ကြိမ်ဖြေဆိုရာတွင် လက်တွေ့စစ်ဆေးမှုနှင့် အသိပညာစစ်ဆေးမှု နှစ်မျိုးစလုံးကို ပြန်လည်ဖြေဆိုရမည် ဖြစ်သည်။