အာဆီယံစီးပွားရေးအသိုက်အဝန်း၏ မျှော်မှန်းချက်နှင့် ဒေသတွင်းကျွမ်းကျင်မှု အပြန်အလှန် အသိအမှတ်ပြုရေးအတွက် ဆောင်ရွက်မှုများ
အာဆီယံနိုင်ငံများအတွင်း ကျွမ်းကျင်မှုအသိအမှတ်ပြုရေးစီမံကိန်း စတင်ဆောင်ရွက်ခဲ့မှုနှင့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ ပေါ်ပေါက်လာမှု
၁။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး အာဆီယံ ခေါင်းဆောင်များသည် အာဆီယံဒေသအား တည်ငြိမ်သော၊ အောင်မြင်ကြွယ်ဝသော၊ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်သော၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေး၊ စီးပွားရေးကွာဟချက်နည်းပါးသော ဒေသဖြစ်ရေး ကူးပြောင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community - AEC) သည် ၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများအကြား စီးပွားရေး ပေါင်းစည်းမှုနှင့်အတူ တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဒေသ ဖြစ်ပေါ်လာရေး အောက်ပါတို့ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါသည်-
- ကုန်စည်များ လွတ်လပ်စွာ စီးဆင်းစေနိုင်ခြင်း (Free Flow of Goods)
- ဝန်ဆောင်မှုများလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of Services)
- ရင်းနှီးမြှုပ်နှံမှုများလွတ်လပ်စွာစီးဆင်းစေနိုင်ခြင်း (Free Flow of investment)
- ငွေကြေးအရင်းအနှီးများပိုမို လွတ်လပ်စွာ စီးဆင်းစေနိုင်ခြင်း (Free Flow of Capital)
- ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ပြောင်းရွှေ့စေနိုင်ခြင်း (Free Flow of Skilled Labor)
၂။ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ရေးလုပ်ငန်းစဉ်အတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအပြန်အလှန်အသိအမှတ်ပြုရေးစနစ်များထားရှိရန် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးမှ သဘောတူညီခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အရ အာဆီယံနိုင်ငံများအတွင်း ကျွမ်းကျင်မှုအသိအမှတ်ပြုရေးစီမံကိန်း(Skill Recognition System in ASEAN Project) ကို ၂၀၀၄ ခုနှမှစတင်၍ အာဆီယံ-သြစတြေးလျဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အကူအညီဖြင့် စတင်ခဲ့ပါသည်။
၃။ ပထမဦးစွာ အာဆီယံနိုင်ငံများအနက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ချက်များ မရှိသေးသည့်ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း(CLMV/T) နိုင်ငံများတွင် နိုင်ငံအဆင့် ကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက်ဆိုင်ရာအစီအစဉ်များကို ဆောင်ရွက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် တိုးချဲ့စီမံကိန်း (Extension Project) ကို ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများ၏ နိုင်ငံအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးစနစ် တည်ထောင်ရန် ဂဟေဆက်၊ လေအေးပေးစက်ပြင်၊ ကွန်ကရိလုပ်ငန်း၊ ဧည့်လမ်းညွှန်၊ ကြက်မွေးမြူရေး စသည့်နမူနာ အလုပ်အကိုင် (၅) မျိုးအတွက် ကျွမ်းကျင်မှု “စံ” များကို လုပ်ငန်းခွင်တွင် ကျင့်သုံးလျက်ရှိသော ကျွမ်းကျင်မှုများနှင့်နှိုင်းယှဉ်ရေးဆွဲခဲ့ပြီး တပြေးညီ ကျွမ်းကျင်မှု အဆင့် (၄) ဆင့်ဖြင့် သတ်မှတ်ခဲ့ပါသည်။
၄။ နိုင်ငံအလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းရမည်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority – NSSA) ကို ဖွဲ့စည်းခဲ့ပြီး ကျွမ်းကျင်မှု အဆင့် (၄) ဆင့် သတ်မှတ်၍ လုပ်ငန်းခွင်ရှိ Professional များကို အထောက်အပံ့ပေးနေရသော ကြီးကြပ်ရေးမှူးအဆင့်နှင့် ယင်းအဆင့်အောက်ရှိ လုပ်သားများ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြု ပေးလျက်ရှိပါသည်။
၅။ အာဆီယံနိုင်ငံများအနေဖြင့် ဒေသတွင်းနိုင်ငံ တနိုင်ငံချင်းစီ၏ အမျိုးသားအရည်အချင်း သတ်မှတ်ချက်မူဘောင်/ အရည်အချင်းအကဲဖြတ်စနစ်များ တိုးတက်စေရန်၊ ဒေသတွင်းနိုင်ငံများ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးသတ်မှတ်ချက်များတူညီစေရန်၊ အခြားနိုင်ငံများ၏ အရည်အသွေးအကဲဖြတ်သည့်စနစ်များနှင့် ချိတ်ဆက်နိုင်ရန်အတွက် အာဆီယံ အရည်အချင်း နှိုင်းယှဉ်မှု မူဘောင် ASEAN Qualification Reference Framework (AQRF) ကို ၂၀၁၂ ခုနှစ်တွင် ချမှတ်ခဲ့ပါသည်။ AQRF သည် အာဆီယံနိုင်ငံများအတွင်း ကျွမ်းကျင်မှုအသိအမှတ်ပြု ဝန်ဆောင်မှုများ လွတ်လပ်စွာ စီးဆင်းနိုင်ရန်နှင့် အမျိုးသားအဆင့် ကျွမ်းကျင်မှုမူဘောင်မှတဆင့် အာဆီယံဒေသတွင်း ကျွမ်းကျင်မှုအသိအမှတ်ပြုရေးမူဘောင် တည်ဆောက်ရန် အထောက်အကူပြုပါသည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်လုပ်သားများကို အလျင်အမြန် မွေးထုတ်ပေးရန်လိုအပ်လျက်ရှိပါသည်။