COVID-19 ကာလအတွင်းမှာ New Normal ပုံစံ ကျွမ်းကျင်မှု သင်တန်းများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး သင်တန်းကျောင်းတာဝန်ခံများကို ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၂၉

COVID-19 ကာလအတွင်း ကျွမ်းကျင်မှုသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရ၊ ပုဂ္ဂလိက သင်တန်းကျောင်းတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ရုံးအမှတ် (၅၁)၊ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းကျောင်း တာဝန်ခံများ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ လုပ်ငန်းခွင်အသီးသီးက လုပ်သားများ၊ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် မူဝါဒများချမှတ်၍ ကာကွယ်စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနက Focal Ministry အဖြစ် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အနေဖြင့် လုပ်ငန်းခွင်ရှိ လုပ်သားများ၊ အလုပ်အကိုင်ရှာဖွေသူများ၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုး တိုးတက်စေရန်၊ Upskills ဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုများ မြှင့်တင်ရန်၊  New skills၊ Reskills ဖြင့် လုပ်သားထုအား ကျွမ်းကျင်မှုဆိုင်ရာ အလုပ်အကိုင်၊ အခွင့်အလမ်းများနှင့် တိုးတက် ချိတ်ဆက်ပေးရန်၊ လုပ်သားစျေးကွက်အတွင်း ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းပေးရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစီးဌာနမှ အသိအမှတ်ပြု ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (၁၃) ကျောင်းနှင့် NSSA အသိအမှတ်ပြု သင်တန်းကျောင်း (၄) ကျောင်း ရှိကြောင်း ပြောကြားခဲ့သည်။

ယနေ့ အချိန်အခါတွင် COVID-19 ကပ်ရောဂါကြောင့် လူနေထိုင်မှုပုံစံများ ပြောင်းလဲလာပြီး ဓလေ့သစ် (New Normal) ပုံစံ ဖော်ဆောင်လာကြောင်း၊ ယနေ့ကမ္ဘာတွင် ကုန်ပစ္စည်း များကို အွန်လိုင်းအသုံးပြု၍ အိမ်အရောက် ပို့ဆောင်ရောင်းချခြင်း၊ အီလက်ထရောနစ် ကတ်စနစ် သုံးလာခြင်း၊ Soft Skills သာ လိုအပ်သည့် သင်တန်းအများစုကို  အွန်လိုင်းအသုံးပြု၍ သင်ကြား လာခြင်း၊ အစည်းအဝေးပုံစံများ Social Distancing အရ နေရာချဲ့စီစဉ်ကျင်းပခြင်း၊ Online Meeting ကျင်းပခြင်း၊ Mask ဝတ်ဆင်လာခြင်းစသော ဓလေ့သစ် (New Normal) များ ကြုံတွေ့ လာရပြီး အားလုံးနီးပါး လက်ခံကျင့်သုံးလာပြီဖြစ်ကြောင်း၊ ဓလေ့သစ် (New Normal) အခြေ အနေတွင် ဒီဂျစ်တယ်နည်းပညာရပ် အရေးကြီးလာသောကြောင့် ဒီဂျစ်တယ် နည်းပညာနဲ့ ပတ် သက်၍ သင်တန်းကျောင်းများအနေဖြင့် မည်သို့အသုံးချမည်၊ မည်သို့ ကိုင်တွယ်မည်ကို မဖြစ်မနေ လေ့လာထားရမည်ဖြစ်ကြောင်း၊ လူသားများ၏ လိုအပ်ချက်များ ပြောင်းလဲလာပြီး၊ ကျွမ်းကျင်မှုနှင့် သက်မွေးပညာသင်တန်းကျောင်းများတွင်  အလုပ်အကိုင်ဆိုင်ရာကဏ္ဍသစ်များအတွက် တိုးချဲ့သင် ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ILO ၏ ၂၀၁၉ ခုနှစ် ထုတ်ပြန် ထားသည့် Global Commission on the future of work; Work for Brighter future တွင် လုပ်သားထု၏ တစ်သက်တာပညာသင်ယူမှုရရှိရေး၊ အလုပ်ခွင်အတွင်း အာမခံချက်ရရှိရေးအတွက် အနာဂတ် အလုပ်အကိုင်များကို အကြံပြုတိုက်တွန်းထားသဖြင့် ဝန်ကြီးဌာန၏ အလုပ်အကိုင်မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NSSA နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု သင်တန်းကျောင်းများကို COVID-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း၊ သင်တန်းကျောင်း များအနေဖြင့် ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျတဲ့ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို အလေးထား ဖြည့်ဆည်းပေးနိုင်ရန် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် အစိုးရ၊ ပုဂ္ဂလိက သင်တန်းကျောင်းတာဝန်ခံများက ကိုဗစ် ၁၉ ကာလ အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်မှု၊ ဝန်ကြီးဌာန လမ်းညွှန်မှုများနှင့်အညီ သင်တန်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်မှု၊ ဖွင့်လှစ်နေမှု၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ အကြံပြုချက်များကို တင်ပြ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားစဉ်

 

အစည်းအဝေးတက်ရောက်ကြသူများ

 

အစည်းအဝေးတက်ရောက်ကြသူများ