စစ်ဆေးအကဲဖြတ်သူများအဖြစ် အတည်ပြုခန့်ထားနိုင်ရေးအတွက် ပို့ချသော Assessor Methodology Online Training (10th Batch) ဖွင့်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီး တက်ရောက်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ စစ်ဆေး အကဲဖြတ်သူများအဖြစ် အတည်ပြုခန့်ထားနိုင်ရေး Online ဖြင့် ပို့ချသော Assessor Methodology Online Training (10th Batch) ဖွင့်ပွဲအခမ်းအနားကို ၁၇-၁၂-၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပခဲ့ရာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်နေဆဲကာလအတွင်း မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့၏ စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ် တိုးတက်စေရေး စစ်ဆေးအကဲဖြတ်သူများအဖြစ် ဆောင်ရွက်ရန်၊ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ် အကိုင်ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီ၊ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်း ကျင်မှု စံသတ်မှတ်ရေးကော်မတီ၊ စီးပွားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီတို့မှ ရွေးချယ်အဆိုပြုထားသော ကျွမ်းကျင်သူများအား Assessor Methodology Training ကို Online ဖြင့် ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါသည်။

New Normal နှင့်ကိုက်ညီသော Assessor Methodology Training များကို Online ဖြင့် ဖွင့်လှစ်ပို့ချပေးပြီး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စစ်ဆေးအကဲဖြတ်သူ Assessor များ လုံလုံ လောက်လောက်ရရှိနိုင်ရေး အားထုတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မေလမှ စတင် ၍ အလုပ်အကိုင် (၂၃) မျိုးအတွက် ပို့ချပေးခဲ့ပြီးဖြစ်ပါသည်။

သက်ဆိုင်ရာ အလုပ်အကိုင်နယ်ပယ်မှ ကျွမ်းကျင်သူများကို NSSA ၏ စစ်ဆေးအကဲဖြတ် ရေးအရည်အသွေးများ၊ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းတာဝန်များကို သိရှိ နားလည်စေရန် Assessor Methodology Training များကို စဉ်ဆက်မပြတ် ဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ပါသည်။

NSSA ၏ စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုသက်တမ်း (၇) နှစ်ရှိလာပြီ ဖြစ် သဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီများ၊ ကျွမ်း ကျင်သူအဖွဲ့အစည်းများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုနှင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့၍ ပူးပေါင်းဆောင်ရွက်ကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးကို အသိ အမှတ်ပြုကြောင်း အလေးထားပြောကြားခဲ့ပါသည်။

NSSA သည် အရည်အသွေးစီမံခန့်ခွဲမှုစနစ်အတွက် ISO 9001:2015 လက်မှတ်ရရှိထား သဖြင့် ဆောင်ရွက်မှုလုပ်ငန်းစဉ်တိုင်းတွင် ISO သတ်မှတ် Form များ အသုံးပြုဆောင်ရွက်နေ လျက်ရှိရာ ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် အရည်အသွေးပြည့်မီမှုရှိခြင်း၊ လုပ်ငန်းအကြောင်း နားလည်နှံ့စပ်သိရှိမှု၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆိုင်ရာအထောက်အထားများ စနစ်တကျထားရှိ ခြင်းစသည့် ISO သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်နိုင်ရန် အရေးကြီးပါသည်။

NSSA သည် မြန်မာနိုင်ငံအတွင်းရှိ လုပ်သားထုကြီးအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် NSSA သည် ရွှေ့ပြောင်းလုပ်ကိုင်သူ ကျွမ်းကျင်လုပ်သားများအကျိုးအတွက် အာဆီယံနိုင်ငံ များအတွင်း ကျွမ်းကျင်မှုအပြန်အလှန်အသိအမှတ်ပြုနိုင်ရေး ပါဝင်ဆောင်ရွက်လျက်ရှိရာ ထိုင်း နိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း လုပ်သားအင်အား ၂၂ သန်းကျော်ရှိရာ NSSA အနေဖြင့် အလုပ်အကိုင် ၃၀ မျိုးအတွက် ကျွမ်းကျင်လုပ်သား ၁၆,၅၁၉ ဦးကိုသာ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း လုပ်ငန်းခွင်အတွင်းရှိ လုပ်သားဦးရေနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးနေပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား ၃၀၀၀ ဦးကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးဆောင်ရွက်ရန် လျာထားသတ်မှတ်ထားသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်မှုများ ရှိနေခြင်းကြောင့် အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် New Normal နှင့်ကိုက်ညီသည့် စစ်ဆေးအကဲဖြတ်ရေးနည်းလမ်းများကို စမ်းသပ်ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယနေ့ခေတ်အခြေအနေအရ ကမ္ဘာ့အလုပ်အကိုင်များ ပြောင်းလဲလာပြီး နည်းပညာ ပြောင်းလဲမှုများကြောင့် အလုပ်အကိုင်မှာ လုပ်ကိုင်ရမှုပုံစံများ အသွင်ပြောင်းလာပြီး နယ်ပယ် အရပ်ရပ်မှာလည်း ကျွမ်းကျင်မှုလိုအပ်ချက်များ ပိုမိုမြင့်မားလာသည်ကိုတွေ့ရသဖြင့် လုပ်သားများ Skills, Reskills, Upskills များ စဉ်ဆက်မပြတ်ဆောင်ရွက်ရမှာဖြစ်သလို Lifelong Learning စနစ် ဖြစ်အောင်ဆောင်ရွက်ဖို့ ရည်မှန်းချက်ထားပြီး လုပ်ဆောင်သွားကြရန်နှင့် လုပ်သားများကို  Green Skills အနေဖြင့် Green Job တွင် အလုပ်လုပ်ကိုင်နိုင်ရေး၊ ၂၁ ရာစု ကျွမ်းကျင်မှုများရရှိစေရေး လိုအပ်သောကျွမ်းကျင်မှုများ သင်ကြားပို့ချပေးရေးတို့ကိုလည်း အချိန် အခါနှင့်အညီ ဆောင်ရွက်ဖန်တီးပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

COVID-19 ကပ်ရောဂါကြောင့် ပုံစံသစ်ပြောင်းလဲဆောင်ရွက်နေသော လက်ရှိကာလမှာ COVID-19 အလွန်ကာလများအပါအဝင် ကျွမ်းကျင်လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် NSSA မှ အသိအမှတ်ပြုပေးသည့် အလုပ်အကိုင်အလိုက် အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို လုပ်သားများအား ပိုမိုပေးအပ်နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ (၁၃) ခုမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် GIZ မှ တာဝန်ရှိသူများအပါအဝင် ဖိတ်ကြားထားသူ (၄၀) ဦးနှင့် သင်တန်းသား (၃၁) ဦး၊ စုစုပေါင်း (၇၁) ဦး တက်ရောက်ခဲ့ပါသည်။