ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ပြည်တွင်းအလုပ်အကိုင်များကို New Normal နှင့်အညီ ပိုမိုလျှင်မြန်ထိရောက်စွာရှာဖွေပေးနိုင်ရေးအတွက် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၏ အမှုဆောင်များ၊ အေဂျင်စီများနှင့် ဆွေးနွေးပွဲ အခမ်းအနားသို့ တက်

နေပြည်တော် ၊ဇန်နဝါရီ ၂၁ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်  Video Conferencing စနစ်ဖြင့် ကျင်းပသော ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း၏ အလုပ်အမှုဆောင်များ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်အေဂျင်စီ များမှ မန်နေးဂျင်းဒါရိုက်တာများနှင့် ပြည်တွင်းအလုပ်အကိုင်များကို New Nomal နှင့်အညီ ပိုမို လျှင်မြန်ထိရောက်စွာ ရှာဖွေပေးနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အလုပ်သမားဈေးကွက်များ အပေါ် မကြုံစဖူးသက်ရောက်မှုများရှိပြီး မြန်မာနိုင်ငံတွင်လည်း  COVID-19 ကြောင့် စက်ရုံပိတ် သိမ်းခြင်း၊အလုပ်သမားအင်အားလျော့ချခြင်းများစသည့် အလုပ်အကိုင်ဆိုင်ရာပြဿနာများ၊ စိန်ခေါ် မှုများကိုကြုံတွေ့ရပြီး နိုင်ငံတော်က ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများပြန်လည် ဦးမော့လာစေရေး အတွက် ငွေကြေးအရ ကူညီဆောင်ရွက်ပေးမှုများနှင့် ဖြေလျော့ပေးမှုများပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ်ရိုက်ခတ်မှုများအား သက်သာမှုရှိစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး၊ ဝန်ကြီးဌာနရှိ လူမှုဖူလုံရေးအဖွဲ့မှ COVID-19 ကာလ အတွင်း ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမား၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့်ထောက်ပံ့ငွေ ၄၀% ၊ Quarantine ဝင်ရောက်သည့် အာမခံအလုပ်သမားများမကျန်းမာမှုအကျိုးခံစားခွင့်၆၀%နှင့် ကိုယ်ဝန်ဆောင်အာမခံအလုပ်သမား များ မကျန်းမာမှုအကျိုးခံစားခွင့် ၆၀% စုစုပေါင်း အာမခံအလုပ်သမား၊ ဝန်ထမ်းဦးရေ ၁၅၃၄၁၇၄ ဦး အတွက် ထောက်ပံ့ငွေကျပ်သန်းပေါင်း ၆၅၉၆၁.၇၆၈ အားခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ခရိုင်နှင့် မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉) ရုံးဖွင့်လှစ်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့် ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့်အညီ အလုပ်ရှာဖွေသူများအား အလုပ်သမားမှတ်ပုံတင်ပေး ခြင်း၊အစိုးရဌာန၊ အလုပ်သမား(၅) ဦးနှင့်အထက်ရှိသော သမဝါယမ၊ ဖက်စပ်လုပ်ငန်းနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်တို့ထံမှအလုပ်သမားလိုအပ်ကြောင်း အကြောင်းကြားစာ(အမှာစာ)များလက်ခံဆောင် ရွက်ခြင်း၊ အမှာစာအရသင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများအား အလုပ်ရှင် ထံစုဆောင်း ပေးပို့ခြင်း၊ အလုပ်ရှင်များမှ ရွေးချယ်ထားသူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေး ကတ်ပြား(အလလခပုံစံ-၇)ထုတ်ပေးခြင်းများကို COVID-19 ကာလအတွင်း၌လည်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မပျက်ဆောင် ရွက်ပေး လျက်ရှိကြောင်း၊
အလုပ်အကိုင်ရရှိရေးကို ပိုမိုတိုးတက်ဆောင်ရွက်နိုင်အောင် ကုမ္ပဏီမှတ်ပုံတင်ထားသော နိုင်ငံသားပိုင်ကုမ္ပဏီများအား ၂၀၁၀ ခုနှစ်မှစတင်၍ ဥပဒေသတ်မှတ်ချက်များနှင့်အညီ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး လက်ရှိအချိန်ထိ အကျိုး ဆောင်လိုင်စင်ရအေဂျင်စီ (၁၀၁) ခုခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေး အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်လျှောက်ထားခြင်းနှင့် သက်တမ်း တိုးလိုင်စင်လျှောက်ထားခြင်းတို့ကိုသတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး အေဂျင် စီများအနေဖြင့် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရမှာဖြစ် ကြောင်း၊
COVID -19 အလွန်ကာလတွင်လည်း Digitalization ဖြင့်ဆောင်ရွက်ရမည့် အလုပ် ကိုင် အခွင့်အလမ်းအသစ်များ ပိုမိုများပြားလာမှာဖြစ်သည့်အတွက်  ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် COVID – 19 ကာလနှင့် COVID – 19 အလွန်ကာလတို့တွင် လုပ်သား ဈေးကွက် သတင်းအချက်အလက်များကို အလုပ်ရှာဖွေသူများနှင့် လုပ်ငန်းရှင်များလက်လှမ်းမီရရှိ ရေးမြှင့်တင် ဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ပြီး လုပ်ဆောင်ရာတွင် နည်းပညာအသုံးပြု၍ ဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်သည့် လမ်းကြောင်းသစ်များကိုရှာဖွေပြီး အလုပ်အကိုင်ဆိုင်ရာ သတင်းအချက် အလက်များကို အလုပ်ရှာဖွေသူများ သိရှိလေ့လာနိုင်ရန် လုပ်ဆောင်ခြင်းများကို အလုပ်အကိုင်ဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှု စနစ်များနှင့် ပြင်ဆင်ဆောင်ရွက်ခြင်း၊ အွန်လိုင်းဖြင့် အလုပ်အကိုင်ရရှိရန် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပြပွဲများ ကျင်းပပေးခြင်း စသည်တို့ကို ခေတ်ကာလနှင့်လျော်ညီအောင် လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊
နိုင်ငံတော်၏ စီးပွားရေးပြန်လည်နာလန်ထူရန်လုပ်ဆောင်ရာတွင်အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုကဏ္ဍသည်လည်း အခန်းကဏ္ဍတစ်ရပ်အနေဖြင့်ပါဝင်ကြောင်း၊ အေဂျင်စီများအနေ ဖြင့် ပုဂ္ဂလိကအလုပ်အကိုင်ဝန်ဆောင်မှုအားဖြင့် အလုပ်ရှာဖွေသူများကိုကူညီရန် မိမိတို့၏ အခန်း ကဏ္ဍအတွက် အရည်အချင်း၊ နည်းစနစ်နှင့် စွမ်းဆောင်ရည်တို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းကို ရည်ရွယ်ချက်ကောင်းမွန်စွာဖြင့် ဖွဲ့စည်းထားပြီးဖြစ်၍ အသင်းအနေဖြင့် မှန်ကန်သည့် ဦးဆောင်မှု နှင့် အေဂျင်စီများအားလုံး အချင်းချင်းစည်းလုံးညီညွတ်စွာ လုပ်ဆောင်ရန်နှင့်  ပွင့်လင်းမြင်သာစွာ ဖြင့်ဆောင်ရွက်ရန်၊ ဂုဏ်သိက္ခာရှိသော အေဂျင်စီများအဖြစ်အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များ ၏အကျိုးကိုသယ်ပိုး၍ အလုပ်အကိုင်နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများပေးကြရန်နှင့် အေဂျင်စီ များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင် ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အေဂျင်စီများ၏ ယခင်တင်ပြချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက အလုပ် အကိုင်အခွင့်အလမ်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီးနောက် ဒုတိယဝန်ကြီး မှဖြည့်စွက်ရှင်းလင်းပြောခဲ့ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲအခမ်းအနားကို နံနက် (၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
ဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအလုပ်အကိုင် ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင်များ၊ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအကျိုးဆောင်အေဂျင်စီများမှ မန်နေးဂျင်းဒါရိုက်တာများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။