အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၂၀-၄-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမြင့်ကြိုင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ၊ အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီတို့မှ ဥက္ကဋ္ဌများ၊ အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သားများ၊ Assessment Center တာဝန်ခံများ၊ Assessor များ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၁၄၀) ဦးနှင့် online မှ (၃၉)ဦး စုစုပေါင်း (၁၇၉) ဦး တက် ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးအမှတ် (၁/၂၀၂၂) တွင် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရန်အတွက် စီးပွားရေးသာမက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီး ပါကြောင်း၊ သက်မွေးပညာ သင်တန်းများမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း” အဆိုပါအစီအမံများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထား အကောင်အထည်ဖော်ပေးရန် လိုအပ်ပါကြောင်း အဓိကထည့်သွင်း ပြောကြားပြီး လမ်းညွှန်မှုပြုထားပါကြောင်း၊

          NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်း ကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ရာ ယနေ့အထိ အလုပ်အကိုင် (၃၀) မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား (၁၇,၁၀၃) ဦးထိ ရရှိလာပြီဖြစ်ကြောင်း၊

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အလုပ်အကိုင် (၃၃) မျိုးအတွက် ကျွမ်းကျင် လုပ်သား (၅၀၀၀) ဦးကို စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်သွားမည်ဖြစ်ပြီး NSSA ၏ စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်အတွက် အထောက်အပံ့ဖြစ်စေရန် ကျွမ်းကျင်မှု “စံ” ရေးဆွဲ နည်းသင်တန်းများနှင့် စစ်ဆေးအကဲဖြတ်နည်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ် ကြောင်း၊ NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်တွင် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံ၏လုပ်သားဈေးကွက် လိုအပ်ချက်အရ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊

           ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးလုပ်ငန်းစဉ်တွင် ဖြေဆိုအောင်မြင်ခဲ့သည့် အလုပ်အကိုင် (၃) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၅၀၄) ဦး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲ ဖြတ်ရေးဌာန (၃) ခုနှင့် အလုပ်အကိုင် (၃) မျိုးအတွက် စစ်ဆေးအကဲဖြတ်သူ (၁၂)ဦးတို့အား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များကို ပေးအပ်သွားမည်ကြောင်း၊ NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ ၂၀၂၂ ခုနှစ်၊ မတ်လအထိ အလုပ်အကိုင် (၃၀) မျိုးအတွက် အရည်အချင်းပြည့်မီသူလုပ်သား (၁၆,၉၇၇) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဌာန(၁၉၇)ခုကို အသိအမှတ်ပြုနိုင်ခဲ့ကြောင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဌ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ ဥက္ကဌ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးကော်မတီ ဥက္ကဌ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း ၊ လျှပ်စစ်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဌ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိမ်းသူရ နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် တို့က NSSA ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် ဖြေဆို အောင်မြင် ခဲ့သည့် အလုပ်အကိုင် (၃)မျိုးအတွက် ကျွမ်းကျင်လုပ်သား (၅၀၄)ဦး၊ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာန (၃) ခုနှင့် အလုပ်အကိုင် (၃) မျိုးအတွက် စစ်ဆေးအကဲဖြတ်သူ (၁၂) ဦးတို့အား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ကျွမ်းကျင် လုပ်သားများနှင့် ကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အလုပ်ရှင်များကိုယ်စား Maple Win Co., Ltd. Managing Director ဒေါက်တာအောင်ဝင်း နှင့် အလုပ်သမားကိုယ်စားလှယ် အထည်ချုပ်ကျွမ်းကျင် လုပ်သား ဦးပြည့်စုံဖြိုး  တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။