ကျွမ်းကျင်မှု "စံ" ရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနား

၁။      မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ အောက်ရှိ လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု “စံ” ရေးဆွဲနိုင်ရန် ကျွမ်းကျင်မှု “စံ” ရေးဆွဲနည်းသင်တန်း Training Workshop ကို ၂၅-၄-၂၀၂၂ ရက်နေ့မှ ၂၈-၄-၂၀၂၂ ရက်နေ့အထိ Online ဖြင့် ဖွင့်လှစ်ပို့ချခဲ့ရာ Technical Working Group (TWG) အဖွဲ့ဝင် (၂၁) ဦးအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ (၃၉) ဦး တက်ရောက်ခဲ့ပါ သည်။

၂။       ၂၈-၄-၂၀၂၂ ရက်နေ့၊ (၁၅:၀၀) နာရီတွင် ကျွမ်းကျင်မှု “စံ” ရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က သင်တန်းဆင်းများအနေဖြင့် NSSA ၏ ကျွမ်းကျင်မှု “စံ” ရေးဆွဲခြင်းဆိုင်ရာ ဆောင် ရွက်မှုအဆင့်ဆင့်နှင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ကျွမ်းကျင်မှုအရည်အသွေးမူဘောင်အတွက် အလုပ်သမားများ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” များ ရေးဆွဲခြင်း နည်းစနစ်များ၊ စစ်ဆေးအကဲဖြတ်ခြင်း၊ အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်များကို သိရှိစေခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများမှ ရေးဆွဲထားသည့် သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” များအပေါ် အခြေခံ၍ ရေးဆွဲထားပြီး ၎င်းကျွမ်းကျင်မှု “စံ” ချိန် “စံ” ညွှန်းများသည် နိုင်ငံ၏ လုပ်ငန်းလိုအပ်ချက်၊ အလုပ်ရှင်များမှ လုပ်ငန်းခွင် လိုအပ်မှုများ၊ လုပ်ငန်းခွင်တွင် လိုအပ်လျက် ရှိသော အလုပ်သမားများ၏ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုများကို ရရှိစေနိုင်မည်ဖြစ်ပြီး လုပ်သားများ၏ ကျွမ်းကျင်မှုမြှင့်တင်၍ သက်မွေးမှုအလုပ်အကိုင်အတွက် စီမံခန့်ခွဲနိုင်မည် ဖြစ်ပါကြောင်း၊ အလုပ်အကိုင်မျိုးစုံအတွက် ကျွမ်းကျင်မှုစံများ ရေးဆွဲနိုင်ရန် ပူးပေါင်းဆောင် ရွက်မှု၊ ပေါင်းစည်း ဆွေးနွေးမှုများနှင့် မဟာဗျူဟာ၊ နည်းဗျူဟာ (Skills and Strategy) များကို အသုံးချပြီး မိမိတို့အတွေ့အကြုံနှင့်ပေါင်းစပ်၍ ကျွမ်းကျင်မှုစံများကို အကောင်းဆုံး ရေးဆွဲနိုင် မည်ဖြစ်ပါကြောင်း၊ များပြားလှသော  အလုပ်တာဝန်များကြားမှ သင်တန်း Workshop ကို အချိန် ပေးတက်ရောက်ခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍  (၁၅:၃၅) နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။