သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက် အသိပညာပေးပွဲ အခမ်းအနား

သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက်အသိပညာပေးပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) ဥက္ကဋ္ဌ ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်  တာဝန်ရှိသူများ၊ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးကော်မတီဝင်များနှင့်  အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု  “စံ” သတ်မှတ်ရေးဆပ်ကော်မတီများ၊ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များနှင့်  Online မှ  တက်ရောက်သူများ အပါအဝင် အင်အား ၇၀ ခန့် တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင် မှု  “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ကို ၂၀၀၇ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ (၁၆) ခု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အလုပ်အကိုင် အခွင့်အလမ်းများပြီး ကျွမ်းကျင် လုပ်သား လိုအပ်ချက်များသည့် အလုပ်အကိုင်များကို စစ်တမ်းကောက်ယူခြင်း၊ ဦးစားပေး အလုပ် အကိုင်များ ရွေးချယ်စိစစ်ခြင်း၊ ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှု  “စံ” များကို လုပ်ငန်းခွင် လိုအပ်ချက်နှင့် ကိုက်ညီရန် ညှိနှိုင်းရေးဆွဲခြင်း၊ သတ်မှတ်ပြဋ္ဌာန်းခြင်း၊ အလုပ်သမားများအား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဖြင့် မြန်မာနိုင်ငံ လုပ်သားဈေးကွက် လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း။

လက်ရှိကာလတွင် လုပ်ငန်းလိုအပ်ချက်အတွက် အားထားရသည့်  လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှု “စံ” အခြေပြု သင်တန်းများ ဖွင့်လှစ်၍ ကျွမ်းကျင်မှု “စံ” အခြေပြု သင်ရိုးညွှန်းတမ်းများဖြင့် ပို့ချပေးလျက်ရှိကြောင်း။

 သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီနှင့် ဆပ်ကော်မတီများဖြစ်ကြသည့် စက်မှုလုပ်ငန်း၊ သတ္တုနှင့်သံရည်ကျိုလုပ်ငန်း၊ ဂဟေ  ဆက်လုပ်ငန်း၊ စက်ပြင်လုပ်ငန်း၊ အပူ၊ လေဝင်လေထွက်နှင့် လေအေးပေးစက်လုပ်ငန်း၊ ဘွိုင်လာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီဝင်များအနေဖြင့် မြန်မာ လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  ဆောင်ရွက်မှုများ၊ လုပ်သားဈေးကွက် လိုအပ်ချက်မြင့်မားသည့် အလုပ်အကိုင်သစ်များ ဖော်ထုတ်နေမှု၊ အလုပ်အကိုင်သစ်များအတွက် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲနေမှုကို ပြည်သူလူထုထံ အသိပညာပေးမှုများ ထိရောက်စွာ ဆောင်ရွက်ရန်လိုကြောင်း။

ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှုစစ်‌ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ် အတွက် အဓိကကျသည့်  စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ရေး၊  Manager များ၊ Inspector များ၊ Chief Assessor များနှင့် Assessor များ ပိုမိုမွေးထုတ်ပေးရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစပြီး ယခုအချိန်ထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၀၀) ခုကို တည်ထောင်နိုင်ခဲ့ပြီး အလုပ်အကိုင် (၃၀) မျိုးမှ အရည်အသွေးပြည့်မီသူ ကျွမ်းကျင် လုပ်သား (၁၇,၅၃၅) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။

 သတ္တုနှင့်အင်ဂျင်နီယာလုပ်ငန်းကဏ္ဍရှိ အလုပ်အကိုင်များအတွက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ စစ်ဆေးအကဲဖြတ်ခဲ့ရာ ကျွမ်းကျင်မှုအဆင့် (၁) အတွက် လေအေးပေးစက်တပ်ဆင်သူ၊ ဂဟေဆက်လုပ်သား MMAW၊ GMAW၊  FCAW၊  မော်တော်ယာဉ်စက်ပြင်၊ စက်ကိရိယာ ကိုင်တွယ်မောင်းနှင်သူ၊ အသေးစားစက်ပြင်၊  သံရည်ကျိုပုံသွင်းလုပ်သား အပါအဝင် ဖြေဆိုသူ ၄,၄၀၀ ကျော်ကို စစ်ဆေးအကဲဖြတ်ခဲ့ရာ အောင်မြင်သူ ၃,၇၀၀ ကျော်နှင့် ကျွမ်းကျင်မှုအဆင့် (၂) အတွက် Pneumatic၊  လေအေးပေးစက်တပ်ဆင်သူ၊ သံရည်ကျိုပုံသွင်းလုပ်သား၊ ဂဟေဆက်လုပ်သား (MMAW) အပါအဝင် ဖြေဆိုသူ ၆၆၀ ကျော်အနက် အောင်မြင်သူ ၅၈၀ ကျော်ကို အသိအမှတ်ပြုနိုင်ခဲ့ပြီး ကျွမ်းကျင်မှုအဆင့်အလိုက် စစ်ဆေးအကဲဖြတ်ရာတွင် ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခဲ့ကြောင်း။  

လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်မှုစွမ်းရည် မြင့်မားသည့် လုပ်သားများ ပြုစုပျိုးထောင် ပေးပြီး   အရည်အသွေးပြည့် ထုတ်ကုန်များ စွမ်းအားပြည့်ထုတ်ပေးခြင်းဖြင့် မိမိလုပ်ငန်း၏ ပုံရိပ်ကို ကောင်းမွန်စေနိုင်ပြီး အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ယုံကြည်ကိုးစားမှု ရရှိနိုင်သဖြင့် ကျွမ်းကျင်လုပ်သားများစဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး NSSA နှင့့် အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း။

 ဆက်လက်၍ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေးပြောကြားပြီး သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီဝင်များက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် သတ္ထုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဥက္ကဋ္ဌတို့က လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။