အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မန္တလေး) အား ကြည့်ရှုစစ်ဆေးပြီး Assessor Methodology Training သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊  လူမှုရေးရာဝန်ကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမားရေးရာဌာနများမှ တိုင်းဒေသကြီး တာဝန်ခံများနှင့်အတူ ၉-၆-၂၀၂၃ ရက်နေ့၊ ၁၄: ၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိခဲ့ပြီး သင်တန်းကျောင်းအတွင်း Electrician (Building) Level-2 အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်နေမှု၊ ကျွမ်းကျင်မှုသင်တန်းများတွင် လက်တွေ့သင်ကြားပို့ချရာ၌ အသုံးပြုသည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုနှင့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း ဖွင့်လှစ် ပို့ချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ၌ ဖွင့်လှစ်ခဲ့သော Assessor Methodology Training သင်တန်းဆင်းပွဲအခမ်းအနားကို ယင်းနေ့ ၁၅: ၀၀ နာရီတွင် အခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာ နိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ကြီးတံခွန်စက်မှုဇုန် ဥက္ကဋ္ဌနှင့် ဒုတိဥက္ကဋ္ဌ၊ အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမားရေးရာဌာနများမှ တိုင်းဒေသကြီး တာဝန်ခံများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (မန္တလေး) မှ အရာထမ်း၊ အမှုထမ်းများ အပါအဝင် စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့သည်။

          သင်တန်းဆင်းပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ တွင် (NSSA) ၏ အဓိကလုပ်ငန်းတာဝန်များအနက် တစ်ခုဖြစ်သော ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ခြင်းလုပ်ငန်းစဉ်အတွက် အဓိကအရေးပါသည့် ပုဂ္ဂိုလ်များဖြစ်သော Assessor များ မွေးထုတ် ပေးနိုင်ရန် ရည်ရွယ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း (Assessor Methodology Training) များ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်အထိ (၃၄) ကြိမ် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အလုပ်အကိုင် (၃၇) မျိုးအတွက် Assessor (၆၆၉) ဦးကို မွေး ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊

မြန်မာနိုင်ငံ၏ လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သားများဖြစ်ကြောင်း အဆင့်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်စေရန် အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူပြီး ၂၀၀၇ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့သည့် NSSA သည် ၂၀၁၄ ခုနှစ်မှ စတင်၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ လုပ်သားများ ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ခြင်းလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကော်မတီများ ဖွဲ့စည်းကာ အရှိန်အဟုန်မပျက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ NSSA အနေဖြင့် လုပ်ငန်းကဏ္ဍအသီးသီး အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင် မှုလေ့ကျင့်ရေးကော်မတီနှင့် လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ (၁၆) ခုတို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊

လက်ရှိအချိန်အထိ လုပ်ငန်းကဏ္ဍအသီးသီးရှိ အလုပ်အကိုင် (၆၉) မျိုးအတွက် ကျွမ်း ကျင်မှု “စံ” (၉၁) ခုကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အလုပ်အကိုင် (၃၈) မျိုးအတွက် ဖြေဆိုသူ (၂၄၈၉၅) ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အရည်အသွေးပြည့်မီသူ (၂၂၇၅၅) ဦး အနက် (၁၈၆၆၆) ဦးအတွက် NSSA ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ ပြီးဖြစ်ကြောင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်နိုင်ရန် လိုအပ်သကဲ့သို့ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုပြည့်ဝပြီး NSSA ၏ “စံ” နှုန်းများနှင့် ကိုက်ညီသည့် Assessor၊ Chief Assessor များစွာရှိရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။